စိတ်ညစ်နေချိန်မှာ အစားတွေ စွတ်စားလိုက်ရင် ပျော်သွားမှာတဲ့လား
တစ်နေ့တာ အဆင်မပြေတာတွေ ကြုံလာရလို့ စိတ်လေးညစ်နေပြီဆိုရင် လူအများစု လုပ်တတ်ကြတဲ့အကျင့်က ဗိုက်ပြည့်အောင် တွေ့ရာမြင်ရာ ထိုင်စားတတ်တာပါပဲ။
အစာစားရင် စိတ်ချမ်းသာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စားချင်တာတွေ စွတ်စားလိုက်ပြီဆိုရင်တော့ သူ့ရဲ့အကျိုးဆက်တွေကို ခံရမှာ သဘာဝပါပဲ။ ဒီလိုအကျိုးဆက်တွေထဲမှာ
- ခန္ဓာကိုယ်က လောင်ကျွမ်းနိုင်တဲ့ အဆီ၊ ကယ်လိုရီပမာဏထက် ပိုလျှံသွားတဲ့အခါ ခန္ဓာကိုယ်အလေးချိန်များလာပြီး အဝလွန်လာမယ်။ သူ့နောက်မှာ ဆီးချို၊ သွေးတိုးရောဂါဖြစ်နိုင်ခြေ ပိုများလာပါမယ်။
- အချို၊ အငန်လွန်ကဲတဲ့ သရေစာမုန့်တွေဟာလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေထက် လူကို အင်မတန်စွဲလမ်းစေတတ်ပြီး ဒါကိုပဲ ထပ်ခါတလဲလဲ စားချင်စိတ်ကို ဖြစ်စေသလို တခြားအစားအစာတွေနဲ့ ပတ်သက်လာရင် ခံတွင်းပျက်ပြီး အရသာမရှိတော့သလို ခံစားလာနိုင်ပါတယ်။
- စားသင့်တဲ့အချိန်မှာရော၊ ညဘက်တွေမှာပါ စိတ်ရှိတိုင်း စားသောက်နေတဲ့အခါ စားသောက်ပုံမူမမှန်တဲ့ရောဂါ (Eating Disorder) တွေ ဖြစ်လာနိုင်ပါတယ်။
- ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေကို အလုံအလောက်မရတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်ရည်ကျဆင်းလာမယ်၊ ကိုယ်ခံအားနည်းလာမယ်၊ ရောဂါတွေလည်း ဖြစ်လွယ်လာပါမယ်။
- ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ထိခိုက်အားနည်းစေပြီး အလွယ်တကူသတိမေ့တာ၊ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေ မြင့်တက်စေတာ၊ စိတ်ဖိစီးမှုဒဏ်ကို ပိုခံရစေပြီး စိတ်ကျန်းမာရေးပြဿနာ ဖြစ်နိုင်ခြေ ပိုများလာနိုင်ပါတယ်။
- လူက တစ်နေ့တာလုံး အားမရှိသလို ခေါင်းထဲမူးနေသလိုဖြစ်ပြီး ပျို့အန်ချင်နေမယ်။ နည်းနည်း ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်တာနဲ့ ချွေးစေပြန်လာပြီး အားအင်ကုန်ခမ်း နုန်းချိလာနိုင်ပါတယ်။
- အစာခြေစနစ်ကို ထိခိုက်စေပြီး လေပွတာ၊ လေချဉ်တက်တာ၊ ရေဖျဉ်းစွဲတာတွေ ဖြစ်စေနိုင်ပါတယ်။
အစာစားရင် လူနဲ့တည့်တယ်ဆိုပေမယ့် “တန်ဆေး၊ လွန်ဘေး” ကိုလည်း မေ့ထားလို့မဖြစ်သလို၊ အာဟာရမဖြစ်တာတွေပဲ အများကြီးစားလိုက်မိရင်လည်း ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေကိုပဲ ဖြစ်စေနိုင်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။
အကယ်လို့ ကိုယ့်မှာအကြောင်းတစ်ခုခုကြောင့် စိတ်ညစ်စရာတွေ ကြုံတွေ့နေရတယ်၊ ဒါကိုဖြေဖျောက်ဖို့ အစားတွေ စွတ်စားနေမိတယ်ဆိုရင်
- ကိုယ့်ရဲ့ အစာစားသောက်မှုပုံစံကို အစီအစဉ်ပြန်ချပါ။ ဘယ်အချိန်မှာ အစာစားမလဲ၊ ဘယ်အချိန်မှာတော့ မစားဘူးလဲ၊ ဘာတွေကို စားပြီး ကိုယ့်အတွက် ဘယ်အာဟာရဓာတ်တွေ အဓိကလိုအပ်နေလဲဆိုတာကို မှတ်ထားပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ပုံစံဖြစ်အောင် ပြန်စားပါ။
- သရေစာတွေကို တတ်နိုင်ရင် အိမ်မှာလုံးဝမဆောင်ထားပါနဲ့။ မဖြစ်မနေ စားချင်လာပြီဆိုရင်လည်း အချိန်အကြာကြီးနေမှ တစ်ခါစားပေးတာ၊ ဒါမှမဟုတ် တစ်ရက်ကို ပမာဏနည်းနည်းလောက်ပဲ စားပေးတာမျိုးလုပ်ပါ။
- ညအိပ်ချိန်နဲ့ အနည်းဆုံး ၃ - ၄ နာရီခွာပြီး ညစာစားထားပါ။ တတ်နိုင်ရင် ညနေ (၇) နာရီထက် နောက်ကျပြီး အစာမစားပါနဲ့။ ညဘက်သွားတိုက်ပြီးပြီဆိုတာနဲ့ စောစောအိပ်ပါ၊ ညဘက် အစာစားတဲ့အကျင့်ကို ဖျောက်ပါ။
- ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ကျန်းမာရေးစစ်ဆေးမှု ခံယူပါ။ အကယ်လို့ ကိုယ်က စိတ်ကျန်းမာရေးပြဿနာကိုပါ တွဲဖက်ခံစားနေရတယ်လို့ သံသယရှိတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ စိတ်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ကိုယ့်ပြဿနာကို အရင်ဆုံးကုသပါ။
- ပြဿနာကို ရှောင်မပြေးပါနဲ့။ ကိုယ့်မှာ ပြဿနာတစ်ခုခုရှိလို့ စိတ်ညစ်ပြီး အစားစွတ်စားနေမယ့်အစား ဒီပြဿနာကို ဖြေရှင်းလိုက်တာ ပိုကောင်းပါတယ်။ “ပျက်အစဉ်၊ ပြင်ခဏ” ဆိုတဲ့အတိုင်း ပြင်ဆင်ဖြေရှင်းလိုက်ရင် ပြီးသွားမယ့်ပြဿနာကို အချိန်ဆွဲပြီး ပစ်ထားတာက ဘယ်သူ့အတွက်မှ အကျိုးမရှိစေနိုင်ဘူးဆိုတာကို သိထားသင့်ပါတယ်။
ရဲမျိုးမြတ်